(Uni)
" ဒီတစ်သက်လုံးစာအတွက် ငပြူးကို အုပ်ထိန်းခွင့်ပြုပါ ဆရာလေး "
ပုဆစ်တုပ်ထိုင်လျက်..၊ တရားဝင်ခွင့်ပြုချက် တောင်းခံလာတဲ့ လူးလွန့်မောင်ကို ဆရာလေးက အေးချမ်းစွာဖြင့်သာ စိုက်ကြည့်နေမိသည်။
" နှစ်ယောက်အတူ တစ်မိုးအောက်မှာနေပြီး လုံခြုံမှုတွေ.. ဖေးမမှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ငပြူးအနေနဲ့ အပြည့်အဝ ရရှိစေဖို့အတွက်လည်း တပည့်တော်ဘက်က ယုံကြည်ချက်ရှိပါတယ်။ ဒါကြောင့် တပည့်တော်တို့ကို ခွင့်ပြုပေးပါ ဆရာလေး "
ဦးခေါင်းကိုညွှတ်ကာ တောင်းဆိုနေခဲ့တဲ့ လူးလွန့်မောင်ပုံစံက တည်ကြည်လေးနက်မှု အပြည့်ဖြင့်..။ ဘေးတွင် အဖော်မပါဘဲနဲ့ ဆရာလေးဆီကို တစ်ဦးတည်း သီးသန့်လာရောက် တွေ့ဆုံနေခဲ့ခြင်းပင်။
" ကျင်လည်ရဦးမယ့် ပတ်ဝန်းကျင်ကြားမှာ ဒီကလေးကို ကိုယ့်ရဲ့လက်တွဲဖော်အဖြစ်နဲ့ ရဲရဲဝံ့ဝံ့ချပြပြီး.. အတူတကွ ရှေ့ဆက်သွားနိုင်ဖို့ဆိုတာ သေချာပြီလား ဒကာလေး "
" ဘဝမှာ ဒီထက်ပိုပြီး သေချာတာတောင် မရှိတော့ပါဘူး ဆရာလေး..။ ငပြူးကို ဘာအကြောင်းကြောင့်နဲ့မှ မျက်ရည်တစ်ပေါက် ထပ်မကျစေရဘူးလို့လည်း ကတိပေးပါတယ်။ မှဲ့တစ်ပေါက် မစွန်းထင်းစေရအောင်လို့.. တပည့်တော်အနေနဲ့ အပြည့်အဝ တာဝန်ယူချင်ပါတယ် ဆရာလေး "
" အင်း.. "
ဆရာလေးက ဘာစကားတစ်ခွန်းမှ ထပ်ပြောမလာဘဲနဲ့..၊ လူးလွန့်မောင်ရဲ့အပြောကို ခေါင်းတဆတ်ဆတ် ညိတ်လို့သာ လက်ခံပေးနေခဲ့သည်။
" တပည့်တော်ဘဝမှာ ငပြူးကို နောက်တစ်ကြိမ် လက်လွှတ်ဖို့ဆိုတာက မဖြစ်နိုင်လောက်တဲ့အထိ ခဲယဉ်းသွားခဲ့ရပြီ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်.. တစ်ယောက်ကိုတစ်ယောက် လိုအပ်နေကြတဲ့ တပည့်တော်တို့အပေါ် ဆရာလေးဘက်က ခွင့်ပြုပေးလိမ့်မယ်လို့လည်း ယုံကြည်မိပါတယ် "
" ခွင့်မပြုပေးရင်ရော ဒကာလေး "
" တင်ပါ့။ ငပြူးကို တပည့်တော် ခိုးပြေးရပါလိမ့်မယ် "
ထိုအခါ လူးလွန့်မောင်ရဲ့အဖြေကို ဆရာလေးက သဘောကျစွာ ရယ်မောရင်းနဲ့ပဲ တုံ့ပြန်လာခဲ့လေသည်။
YOU ARE READING
ငပြူးငလူး ( Completed )
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်