Episode 14 [Unicode/Zawgyi]

681 33 2
                                    

Unicode

လှိုင်းခတ်သံ ကျောင်းခန်းထဲကို ရောက်လာတော့ ထောင့်ကပ်ကာထိုင်နေသည့် စိုင်းကို တွေ့ရသည်။ ကျောင်းတက်ဖို့ နာရီဝက်ကျော်ကျော်ပင် လိုသေးသည့်အတွက် ‌အခန်းထဲတွင် သူတို့မှလွဲ၍ မည်သူမျှ မရှိ။
သူ ‌စိုင်းဘေးနားကို ဝင်ထိုင်လိုက်ပြီး စိုင်းမျက်နှာကို အကဲခတ်လိုက်သည်။ သူ့အထင်နှင့် ကွဲလွဲစွာပင် စိုင်းက ဒေါသထွက်နေဟန်မရှိ။ အနည်းငယ်အားငယ်နေသည့် အမူအယာသာ ရှိသည်။

"ဘာလို့ ငြိမ်ခံနေတာလဲ"

သူ၏စကားကြောင့် သူ့ကိုတစ်ချက်စောင်းကြည့်လာကာ အနည်းငယ်ပြုံးပြပြီး ခေါင်းခါပြလာသည်။

"ဘာမှမဖြစ်ပါဘူး"

စိုင်းက လှိုင်းခတ်သံကို ပြန်ဖြေလိုက်ပြီး ဘာမှဆက်မပြောဖြစ်တော့ပေ။ မနက်ကပေးသည့် အိမ်စာများကိုသာ ထုတ်ရေးနေလိုက်သည်။ အမှန်တကယ်တွင် သူ သည်းမခံချင်ပါ။ သို့သော် သူ ထိုအကောင်ကို စိတ်ရှိတိုင်း ပြန်ပြောလျှင်လည်း ရန်များသွားမည်။ နောက်ဆုံးတွင် လက်တွေခြေတွေပါ ပါလာနိုင်သည်။ ထိုသို့ဖြစ်လျှင် အိမ်ကို မိဘခေါ်လိမ့်မည်။ သူ အန်တီမြတ်နှင့် ဖေဖေ့ကိုလည်း ဒုက္ခမပေးချင်။ မေမေကလည်း ကျန်းမာရေးမကောင်း။ ဦးဘုန်းခန့်ကလည်း အလုပ်များလှသည်။
ထိုကဲ့သို့သော အခြေအနေတွင် သည်းမခံချင်လည်း သည်းခံရမည်ဖြစ်သည်။

လှိုင်းခတ်သံလည်း စိုင်း၏ပုံစံကို ကြည့်ကာ စိတ်တို့က ပျံ့လွှင့်သွားသည်။ သူ ခဏကြာတော့မှသာ စိတ်ကို ပြန်စုစည်းလိုက်ပြီး စိုင်းကို ခပ်တိုးတိုးပြောလိုက်သည်။

"ငါ မင်းအတွက် လက်စားချေပေးမယ်"

သူ့စကားကြောင့် စိုင်းက စာရေးသည် နေသည်ကို  ရပ်လိုက်ပြီး သူ့ကို ကြောင်အသွားကာ မျက်လုံးအဝိုင်းသားဖြင့် ကြည့်လာလေသည်။ သူ စိုင်းကို နှုတ်ခမ်းစွန်းများ တွန့်ကွေးအောင် ပြုံးပြလိုက်ပြီး

"ငါ သူ့အဆင့်တစ်ကို လုပေးမယ်လေ"

သူ့စကားကြောင့် စိုင်းက ရယ်လာသော်လည်း မယုံကြည်သည့် အရိပ်အယောင်တော့မရှိ။

ခေါင်းစဉ်မရှိပါ\ေခါင္းစဉ္မရွိပါ [Completed]Where stories live. Discover now